Monday, July 23, 2012

ဗန်းမော် ရှပ်ပြေးယာဉ်နစ်မြှုပ်မှု ကယ်ဆယ်ရေး နှောင့်နှေး
မနေ့က မနက်ပိုင်းက တိမ်းမှောက်ခဲ့တဲ့ ဗန်းမော်နဲ့ ကသာကြား ပြေးဆွဲနေတဲ့ ရှပ်ပြေးရေယာဉ် ကယ်ဆယ်မှုတွေကို ဌာနဆိုင်ရာ အဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး ဒီကနေ့ ဆက်လုပ်နေကြပါတယ်။ ပျောက်ဆုံးနေသူ ၂၄ ယောက်လောက် ရှိနေဆဲဖြစ်ပြီး စက်ပစ္စည်း ကိရိယာ အားနည်းမှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ခက်ခက်ခဲခဲ လုပ်နေရတဲ့အကြောင်း ဒေသခံတချို့ ပြောပြပါတယ်။ အခြေအနေကို ဆက်သွယ်စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
news image
ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ ကသာမြို့ကို ပြေးဆွဲနေတဲ့ ရှပ်ပြေးရေယာဉ် မနေ့ မနက်ပိုင်းက တိမ်းမှောက်ခဲ့တာမှာ ခုချိန်ထိ ၂၄ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အစိုးရ ဌာနပိုင်းဆိုင်ရာတွေကရော၊ အရပ်ဘက် အကူအညီပေးရေး အဖွဲ့တွေပါ ပူးပေါင်းပြီး ရှပ်ပြေးရေယာဉ်ကို ရေထဲကနေ ဆွဲတင်နိုင်ဖို့ ကြိုးစားနေသလို ပျောက်ဆုံးသူတွေကို ရှာဖွေနေတယ်လို့ ဗန်းမော်ဒေသခံတဦးက ပြောပြပါတယ်။
“အခုအခြေအနေအထိကတော့ ဆက်ပြီးတော့ ကြိုးစားနေဆဲပဲခင်ဗျ။ ဘာမှတော့ အခြေအနေက မထူးခြားလာသေးဘူး။ နေ့လယ်ပိုင်းလောက်ကတည်းက သူတို့ လုပ်နေကြတာ။ ကျနော် သိသလောက်ကတော့ အဖွဲ့တွေတော့ တော်တော်များတယ်ခင်ဗျ။ မီးသတ်တွေရော၊ ပြည်ခိုင်ဖြိုး၊ NLD၊ ဒီပါတီတွေလည်း ရှိတယ်။ နောက်ပြီးတော့ မယက အကုန်လုံး ပါပါတယ်။ ဌာနဆိုင်ရာတွေ အားလုံးကနေပြီးတော့ ရဲတပ်ဖွဲ့တွေရောပေါ့နော်၊ အားလုံးကတော့ စုပြီးတော့ လုပ်နေကြတာပဲဗျ။ ရှပ်ပြေးကတော့ ခုချိန်ထိ မပေါ်သေးဘူးဗျ။ ခရီးသည်တွေရဲ့ ဟမ်းဘက်အိတ် နှစ်လုံးသုံးလုံးကတော့ ရေပေါ် ပေါ်လာတာ ရှိတယ်။ အဲဒါလေးတွေတော့ ဒီရုံးကို သယ်လာတာ တွေ့ရတယ်ဗျ။ အလောင်းတွေကတော့ မတွေ့သေးဘူးပေါ့ဗျာ။ မနေ့က ရေစီးက တအားသန်တဲ့အခါကျတော့ မျှောတဲ့ဟာလည်း မျှောသွားကြလောက်ပါပြီ။ လောလောဆယ် ပျောက်ဆုံးသူ စာရင်းကတော့ ၂၄ ယောက် ရှိတယ်လို့ ပြောတယ်ခင်ဗျ။ ၇၅ ယောက်ကတော့ ရထားပြီပေါ့၊ ရထားပြီဆိုတာက လွတ်မြောက်တာပေါ့။ ဒါပေမဲ့ အဲဒီအထဲမှာ သေတဲ့သူ တယောက်ပါတယ်။”
လောလောဆယ် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေချိန်မှာ ရာသီဥတု မဆိုးလှပေမဲ့ ရေစီးကတော့ ပြင်းထန်နေပါတယ်။ နည်းပညာပိုင်းနဲ့ စက်ကိရိယာပစ္စည်း အားနည်းမှုတွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိနေတယ်လို့လည်း ဗန်းမော်ဒေသခံကပဲ ဆက်ပြီး ပြောပြပါတယ်။
“အခက်အခဲကတော့ ကျနော်ထင်တာ ဒီမှာ အုတ်တံတိုင်းကြီးက ရှိတယ်လေ။ ဒီအုတ်တံတိုင်းနဲ့ ညှိထားလို့လား မသိဘူးဗျ။ အဲဒီရှပ်ပြေးကတော့ တက်မလာဘူး။ အုတ်တံတိုင်းအောက်မှာ ကျထားလို့နေမှာ၊ ရှပ်ပြေးက ၀ိတ်ရှိတယ်လေ။ ပစ္စည်းတွေလည်း တင်ထားတဲ့အခါကျတော့ တော်ရုံနဲ့ ဆွဲမရဘူးခင်ဗျ။ ဂိုင်းနဲ့ပန်ကာတော့ ပြုတ်ထွက်လာတယ်လို့ ပြောတယ်။ ရေပေါ်ကနေ မြမာလာ ကုန်တင်သင်္ဘောက ဆွဲပေးနေတယ်။ ကုန်းပေါ်ကနေလည်း လူတွေရဲ့အားနဲ့ ကြိုးတွေနဲ့ ဆွဲနေကြတာတော့ တွေ့တယ်။ စက်ပစ္စည်းကိရိယာ ဆိုတာက အဆင့်မြင့်တဲ့ ပစ္စည်းကိရိယာတွေ မရှိဘူးလေ။ ကြိုးတွေနဲ့ သစ်ပင်မှာချည်၊ ပြီးတော့ မြှုပ်ထားတဲ့ ရှပ်ပြေးမှာချည်ပြီးတော့ ကမ်းပါးပေါ်ကို လူအားနဲ့ ဆွဲတင်နေကြတာပေါ့။ စက်ကိရိယာ ကြီးကြီးမားမား စုံစုံလင်လင်တော့ မရှိပါဘူး။ နည်းပညာ ကြွယ်ကြွယ်၀၀တော့ မရှိဘူး။ အရမ်းအားနည်းပါတယ်။ သီးခြား လေ့ကျင့်ထားတဲ့ အဖွဲ့အစည်းမျိုးတွေလည်း မရှိထားတဲ့အခါကျတော့ အခုလို ဖြစ်တာပေါ့။ မအောင်မမြင်တွေ ဖြစ်တာပေါ့လေ။”
ဗန်းမော်နဲ့ ကသာကြား ပြေးဆွဲနေတဲ့ ရှပ်ပြေးရေယာဉ်ဟာ မနေ့က ဗန်းမော်ဆိပ်ကမ်းကအထွက် မနက် ၉ နာရီကျော် လောက်မှာ စက်ချို့ယွင်းမှုကြောင့် တိမ်းမှောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ရေယာဉ် နစ်ချိန်မှာ မိုးရွာနေတာကြောင့် မိုးကာ အုပ်ထားတဲ့အတွက် အထဲက မထွက်နိုင်သူတွေ ရှိသလို တချို့ကတော့ ကမ်းနားမှာ တန်းစီရပ်ထားတဲ့ တခြား ရှပ်ပြေးရေယာဉ်တွေ အောက်ကိုလည်း ၀င်သွားနိုင်တယ်လို့ ပြောကြပါတယ်။ နစ်မြှုပ်ချိန်မှာ ရေယာဉ်ပေါ် လိုက်ပါလာသူ ၁၀၀ ကျော်လောက် ရှိမယ်လို့လည်း တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ အဲဒီအထဲမှာ မြစ်ကြီးနားမြို့ ကျောင်းသား အားကစားပွဲတော်ကို ကသာ နဘားရထားလမ်းကနေ သွားကြမယ့် ကျောင်းသားတွေလည်း ပါတယ်လို့ ဆိုပါတယ်။
သတ်မှတ်တန်ချိန်ထက် ပိုပြီး တင်ဆောင်မှုတွေကြောင့် ခုလို ရေယာဉ်တိမ်းမှောက်မှုတွေ မြန်မာနိုင်ငံမှာ မကြာခဏ ဆိုသလို ဖြစ်လေ့ရှိပြီး ပြီးခဲ့တဲ့မတ်လအတွင်းကလည်း ပုသိမ်မြို့နဲ့ ငပုတောမြို့ ပြေးဆွဲတဲ့ ပုသိမ်သူ ၁၁ သင်္ဘော တိမ်းမှောက်ခဲ့တာမှာ လူ ၂၀ကျော် သေဆုံးခဲ့သလို ၂၀၁၁ ခုနှစ် ဇွန်လက ဘိုကလေးမြို့နယ်အတွင်း စက်လှေ တိမ်းမှောက်မှုမှာလည်း ကျောင်းသူ ကျောင်းသား ၅ ယောက် သေဆုံးခဲ့ရပါတယ်။
ဗန်းမော်ရှပ်ပြေးယာဉ်တိမ်းမှောက် ၃၀ ခန့်ပျောက်ဆုံး
ဗန်းမော်ရှပ်ပြေးယာဉ်တိမ်းမှောက် ၃၀ ခန့်ပျောက်ဆုံး
by ကိုမိုးဇော်
ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ ကသာမြို့ကိုပြေးဆွဲတဲ့ ရှပ်ပြေးရေယာဉ်ဟာ ဒီကနေ့မနက် ဗန်းမော်ဆိပ်ကမ်းကအထွက်မှာ တိမ်းမှောက်ခဲ့ပြီး လူ ၃၀ လောက်ပျောက်ဆုံးနေကြောင်း ဗန်းမော်မြို့ခံတွေက ပြောပါတယ်။ လောလောဆယ်မှာတော့ ရေယာဉ်ပေါ်လိုက်ပါသွားသူ ၇၀ ကျော် ကို ကယ်တင်ထားပြီး သေဆုံးသူ ရုပ်အလောင်းတလောင်းကိုလည်း ရရှိထားပါတယ်။ ဒီသတင်း ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
news image
ဗန်းမော်ဆိပ်ကမ်းကအထွက် ရှပ်ပြေးရေယာဉ် တိမ်းမှောက်တာကတော့ မနက် ၉ နာရီကျော်လောက်မှာ ဖြစ်ပြီး ရေယာဉ်အထွက်မှာ စက်ချွတ်ယွင်း တာကြောင့် တိမ်းမှောက်ခဲ့ တာလို့ ဒေသခံတွေက ပြောပါတယ်။ ရှပ်ပြေးရေယာဉ် တိမ်းမှောက်ရတဲ့အခြေအနေကို ဗန်းမော်မြို့ခံ တယောက်က အခုလို ပြောပါတယ်။
“ရှပ်ပြေးမှောက်တယ်လေ။ ကမ်းနားလေးမှာပဲ။ ဂီယာညပ်ပြီးတော့ ထွက်လို့ မရတဲ့ အချိန်မှာ မှောက် တာ။ ၉နာရီ ၁၀မိနစ်လောက်မှာ။ ရှပ်ပြေးဂိတ်မှာပဲ။ ဂိတ်မှာပဲ အထွက်မှာပဲလေ။ လှည့်အထွက်မှာပေါ့။ ဂီယာညပ်ထားတော့ သူတို့ အပြောပေါ့။ လီဗာက နင်းလို့ မရဘူး။ အဲမှာ မော်တော်တွေကလည်း ပိတ်ထားတာကိုး။ အဲဒီမှာ ရေစီးအားနဲ့ဆိုတော့ မှောက်သွားတယ်လို့ ပြောတာ။ မိုးကလည်း တအား ရွာနေတာလေ။ ရေကလည်း တိုးနေတာဆိုတော့။”
နစ်မြုပ်သွားတဲ့ ရှပ်ပြေးရေယာဉ်ဟာ အရှည်ပေ ၆၀ လောက်ရှိပြီး နစ်မြုပ်ချိန်မှာ ရေယာဉ်ပေါ် လိုက်ပါလာသူ ၁၀၀ ကျော်လောက် ရှိမယ်လို့လည်း ဒေသခံတွေက ခန့်မှန်းထားပါတယ်။
လောလောဆယ်မှာတော့ ခရီးသည်တယောက် သေဆုံးတယ်လို့ ဗန်းမော်မြို့ခံက ဆက်ပြောပါတယ်။ “၁၀၀ တော့ ကျော်မယ်ခင်ဗျ။ ၁၄၀ လောက်လည်း ပြောကြတာပဲ။ တချို့က လက်မှတ်မရဘူးလေ။ လက်မှတ်မရတဲ့သူတွေလည်း ဒီတိုင်းပဲ တက်လိုက် ကြတာကိုး။ အတိအကျက ပြောလို့ မရဘူး။လောလောဆယ်မှာတော့ ၆၈ ယောက်တော့ ရပြီပြောတာပဲ။ ကယ်နိုင်တာပေါ့။ ဆေးရုံမှာတော့ ကျနော် ခုနက သွားကြည့်တာတော့ တလောင်းပဲ ရှိသေးတယ်။ ဆေးရုံမှာ လောလောဆယ် ၈ ယောက် ရောက်ထားတာ တစ်ယောက်တော့ သေထားတယ်။”
ရှပ်ပြေးရေယာဉ်နစ်ချိန်မှာ မိုးရွာနေတာကြောင့် မိုးကာအုပ်ထားတဲ့အတွက်အထဲက မထွက်နိုင် သူတွေရှိသလို တချို့ကတော့ ကမ်းနားမှာ တန်းစီ ရပ်ထားတဲ့ တခြား ရှပ်ပြေးရေယာဉ်တွေအောက် ကိုလည်း ၀င်သွားနိုင်တယ်လို့ ပြောပါတယ်။ အခြားဒေသခံတယောက်ကတော့ ကျောင်းသား ၅ ယောက်နဲ့ ဆရာတစ်ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အခုလို ပြောပါတယ်။
“ရှပ်ပြေးမှာပါသွားတဲ့လူဦးရေကို မသိတာ။ တချို့က လက်မှတ်မရတဲ့လူတွေနဲ့ဆိုတော့လေ ခန့်မှန်းခြေပြောနေကြတာ။ အခုလောလောဆယ်- ဆယ်လို့ ရထားတဲ့ဟာတွေပေါ့နော်။ အသက်ရှင်ရက်က ၇၀ ကျော်ရထားပြီ။ အခုလောလောဆယ် သေတာ တစ်ယောက်ပဲ ရှိတယ်။ ကျောင်းသားတွေ တော်တော် များများပါတယ်။ ကျောင်းသား ၅ ယောက်နဲ့ ဆရာတယောက် အခုလောလောဆယ် မတွေ့သေးတာ။”
ကျောင်းသားတွေကတော့ မြစ်ကြီးနားမြို့ ကျောင်းသားအားကစားပွဲတော်ကို ကသာ-နဘား ရထားလမ်းကနေ သွားဖို့ လိုက်ပါလာကြတာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဗန်းမော်ဒေသခံတွေ ကတော့ ပျောက်ဆုံးသူ အနည်းဆုံး ၃၀ ကျော်မယ်လို့ ခန့်မှန်းကြပါတယ်။ ရေယာဉ် နစ်မြုပ် ပြီးနောက်မှာတော့ ဗန်းမော်မြို့က အုပ်ချုပ်ရေးမှူးရုံးအဖွဲ့အပါအ၀င် ဌာနဆိုင်ရာနဲ့ နိုင်ငံရေး ပါတီတွေ ကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြပါတယ်။ ဗန်းမော်မြို့က ရဲစခန်းကို မေးမြန်းရာမှာတော့ အခင်းဖြစ်ပွားရာကို ခရိုင်ရဲမှူးကြီးကိုယ်တိုင်သွားရောက်နေပြီး အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့မတ်လအတွင်းကလည်း ပုသိမ်မြို့နဲ့ ငပုတောမြို့ပြေးဆွဲတဲ့ ပုသိမ်သူ (၁၁) သင်္ဘော တိမ်းမှောက်ခဲ့တာကြောင့် လူ ၂၀ ကျော်သေဆုံးခဲ့သလို ၂၀၁၁ ခုနှစ်က ဇွန်လက ဘိုကလေးမြို့နယ်အတွင်းမှာ စက်လှေတိမ်းမှောက်တာကြောင့် ကျောင်းသူ ကျောင်းသား ၅ ယောက် သေဆုံးခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ရေယာဉ်တိမ်းမှောက်မှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး ဒီလို တိမ်းမှောက်တာကတော့ သတ်မှတ်တန်ချိန်ထက် ပိုလွန် တင်ဆောင်တာကလည်း အကြောင်းအချက်တရပ်အဖြစ်ပါဝင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။
ရှပ်ပြေးရေယာဉ် တွေ့ရှိ၊ လူ ၅၀ ပျောက်ဆုံးနေဆဲ
ရှပ်ပြေးရေယာဉ် တွေ့ရှိ၊ လူ ၅၀ ပျောက်ဆုံးနေဆဲ
မနေ့ မနက် ၉ နာရီခွဲက တာပိန်မြစ်ထဲ တိမ်းမှောက် နစ်မြုပ်သွားခဲ့တဲ့ မြမင်းအောင် (၁) ရှပ်ပြေးရေယာဉ်ကို အဲဒီ ဂိတ်နဲ့ ၁၀ ကိုက်အကွာ ပေ၃၀ အနက်ရှိတဲ့ တာပိန်မြစ်ကြမ်းပြင်မှာ ရေငုပ်သမားတွေနဲ့ ရှာဖွေတွေ့ရှိပြီ ဖြစ်ပေမဲ့၊ လူ ၅၀ ကျော်လောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
လောလောဆယ် အဲဒီ သင်္ဘောကို ဒီကနေ့ ညဦးပိုင်းလောက်မှာ ကမ်းဖက်ကို ဆွဲကပ်နိုင်ဖို့ ကြိုးစားနေကြတယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကူညီ ဆောင်ရွက်နေတဲ့ ဗန်မော်မြို့သူ တစ်ဦးက RFA ကို ပြောပါတယ်။
မနေ့က ကယ်တင်နိုင်ခဲ့တဲ့ ၇၄ ယောက်ထဲက တစ်ဦးဖြစ်တဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း ၉၁၄ က ဒုတပ်ကြပ် ကိုသီဟနိုင် ဆိုသူကတော့ သေဆုံးသွားခဲ့ပါတယ်။ အခုလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် မြစ်ကြီးနား တက္ကသိုလ်ဇုန် ဘောလုံးပွဲကို ကစားဖို့ လာရောက်တဲ့ ဗန်းမော် တက္ကသိုလ် သချာင်္ဋ္ဌာန ပါမောက္ခ ဒေါက်တာ မျိုးသန့်နဲ့ ကျောင်းသား ၁၅ ယောက်ကိုတော့ ကယ်တင်နိုင်ခဲ့ပြီး တခြားဆရာ ၁ ယောက်နဲ့ ကျောင်းသား ၅ ယောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
နစ်မြှုပ်နေဆဲ ရှပ်ပြေးယာဉ်ကို ဆွဲကပ်နိုင်ဖို့ ပြည်တွင်းရေကြောင်းက သဘောင်္နှစ်စီး၊ ကားကြီး နှစ်စီး အပါအဝင် ဒေသခံ ပြည်သူတွေနဲ့ ကြိုးစားဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
ဒီကနေ့ နေ့လည်ပိုင်းမှာတော့ သင်္ဘောနစ်မြုပ်တဲ့ နေရာအနီးကို ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာ ရောက်ရှိခဲ့ပြီး ပျောက်ဆုံးနေဆဲ လူ ၅၀ ကျော်အတွက် ဝမ်းနည်းစကား ပြောကြားခဲ့ပြီး ဒေသခံ အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ နိုင်ငံရေးပါတီတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။
ရှပ်ပြေးယာဉ်နစ်မြုပ် လူ ၅၀ ပျောက်ဆုံးနေ
ရှပ်ပြေးယာဉ်နစ်မြုပ် လူ ၅၀ ပျောက်ဆုံးနေ
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီကနေ့ မနက် ၉ နာရီခွဲ အချိန်က ရေပေါ်ရှပ်ပြေး ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့တာကြောင့် လူ ၅၀ ကျော် ပျောက်ဆုံးနေကြောင်း RFA က စုံစမ်းသိရပါတယ်။
ဗန်းမော်မြို့ ရှပ်ပြေးရေယာဉ်ဂိတ်အနီး ဗန်မော်ကနေ ကသာကို ထွက်ခွာမယ့် အဲဒီ ရှပ်ပြေးရေယာဉ်ပေါ်မှာ ၁၂ဝ ကျော် လိုက်ပါလာခဲ့ပြီး ခရီးသည် ၇ဝ ကို ဆယ်ယူခဲ့ပါတယ်။ လောလောဆယ် လူ ၁ ယောက် သေဆုံးပြီး လူ ၇ ယောက်ကို ဗန်းမော် ပြည်သူ့ဆေးရုံမှာ အောက်ဆီဂျင် ပေးထားရတယ်လို့ သိရပါတယ်။
ရှပ်ပြေးယာဉ်ဟာ ဧရာဝတီမြစ်ထဲကို နစ်မြုပ် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေဘက်က ရှပ်ပြေးယာဉ်ကို ဆယ်ယူဖို့ ကြိုးစားနေဆဲဖြစ်ပြီး ပျောက်ဆုံးနေသူ လူ ၅၀ ကတော့ အသက်ရှင်လျက် ကယ်တင်ရရှိဖို့ သိပ်မသေချာဘူးလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ခရီးသည် အားလုံးပေါင်း ၁၂၀ ကျော်ခန့် လိုက်ပါတဲ့ အဲဒီ ရေယာဉ်ဟာ ကမ်းက ထွက်ခွာစ အချိန်မှာပဲ နစ်မြုပ်ခဲ့တာပါ။ အဲဒီအချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ရေယာဉ်လည်း စက်ချို့ယွင်းမှု ရှိခဲ့တယ်လို့ ကြားသိရကြောင်း ဗန်မော်မြို့သူ တစ်ဦးက RFA ကို ပြောပါတယ်။
ဖြစ်ပွားရာ ဒေသကို ခရိုင်အုပ်ချုပ်ရေး၊ NLD ပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ ကြက်ခြေနီနဲ့ မြို့ခံလူထုတွေ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

No comments: