Friday, August 3, 2012

 
7.ပူတာအို ဆန်ပြတ်
ပူတာအို ဆန်ပြတ်
by ကိုမိုးဇော်
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းမှာ ဆန်စပါးပြတ်လပ်နေတာကြောင့် ဆန်တပြည်ကို ကျပ် ၄၀၀၀ နဲ့တောင် ၀ယ်ယူဖို့ မရှိ ဖြစ်နေပါတယ်။ ဒီလို ဆန်ပြတ်လပ်တာဟာ တလကျော်ရှိလာနေပြီး ပြီးခဲ့တဲ့ အပတ်တွေက အစိုးရက ဆန်ကို လေယာဉ်နဲ့ တင်ပို့ပေးနေပေမဲ့လည်း ဒေသခံတွေအတွက် ၀ယ်ယူဖို့ အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။ ဆန်ပြတ်လပ်မှုကြောင့် အချို့ ဒေသခံတွေဟာ ဆန်ပြုတ်သောက်နေကြရ သလို သက်ကြီးရွယ်အို တချို့ အသက်ဆုံးရတာတွေလည်း ရှိနေတယ် လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
news image
ပူတာအိုမြို့နယ်အတွင်း ဆန်ပြတ်လပ်တာဟာ ပြီးခဲ့တဲ့နှစ်က စပါးအထွက် နည်းတာနဲ့ ဒီနှစ် မိုးတွင်းမှာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာကြောင့် အဓိက ဖြစ်ပါတယ်။ ဒီဆန်ပြတ်လပ်တာဟာ လွန်ခဲ့တဲ့ ဇွန်လ လောက်က စတင်ခဲ့ပြီး အခြေအနေပိုဆိုးလာတာ ဖြစ်ပါတယ်။
လောလောဆယ် ပူတာအိုမှာ ဆန်ပြတ်လပ်တာကြောင့် ဆန်ဈေး နှစ်ဆလောက် တက်သွားတဲ့ အခြေအနေကို မြို့ခံတယောက် အခုလို ပြောပါတယ်။
“ဒီနှစ်ကတော့ ဈေးကြီးတာပေါ့ဗျာ။ ၂ ခွက် တထောင်နှုန်းနဲ့ အခုချိန်ကတော့ ၀ယ်ကြတယ်။ နှစ်ခွက် ဆိုတာ နို့ဆီခွက်ပေါ့။ နို့ဆီခွက် ၂ ခွက်ကို တထောင်။ အရင်တုန်းကတော့ ၄ ခွက် တထောင်။ ၅ ခွက် တထောင် ဖြစ်နေတယ်။ ဒါပေမဲ့ ဒီလအတွင်းမှာတော့ ၂ ထောင်ဖိုးက ၅ ခွက်ပဲ ရတယ်။”
မြန်မာပြည်က အခြားဒေသတွေမှာတော့ သာမန် အလတ်စား ဆန်တပြည်ဟာ ကျပ်ငွေ တထောင် ၀န်းကျင် လောက်ပဲ ရှိတာဖြစ်ပါတယ်။
ပူတာအိုမြို့နယ်မှာ ဆန်စပါးပြတ်လပ်နေတာကြောင့် ပြီးခဲ့တဲ့လ ၂၃ ရက်နေ့က စပြီး အစိုးရ စစ်တပ် က ဒေသခံ ပြည်သူတွေနဲ့ ၀န်ထမ်းတွေအတွက် ဆန်အိတ် ၇၀၀ ကျော် စားသုံးဆီ ၄ ပေပါနဲ့ အခြား ထောက်ပံ့ရေး ပစည်း တွေကို ပို့ဆောင်ခဲ့ကြောင်း၊ ဒီလို ဆန်ပြတ်လပ်တာဟာ ကချင် လွတ်လပ်ရေး တပ်မတော် KIA က ဖုန်အင်ခ တံတားကို မိုင်းခွဲဖျက်ဆီးလို့ ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်ခဲ့တာကြောင့် ဖြစ်ကြောင်း နိုင်င်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါ တယ်။
ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက ဒေသခံ ပြည်သူတွေကို ဆန်ဖြန့်ဝေ ပေးနေတယ်လို့ မြို့ခံအမျိုးသမီးတယောက်က ပြောပါတယ်။
“ဒီမှာ ဆန်ဈေးတော့ အရမ်းBကီးတယ်။ ၀ယ်လို့တောင် မရဘူး။ အခုလောလောဆယ်က ကြံ့ခိုင်ရေးတွေ က ၄ ခွက်ကို ၅၀၀ နဲ့ ရောင်းပေးနေတာ ၂ ရက်လောက်ရှိပြီ၊ ၀ယ်လို့တောင် မရဘူး။”
ဒီလို ဆန်ပြတ်လပ်နေတာကြောင့် တချို့ ကျေးရွာတွေမှာ ဆန်ပြုတ်သောက်နေကြရသလို တချို့ သက်ကြီးရွယ်အိုတွေ သေဆုံးတာလည်း ရှိနေတယ်လို့ အခြား ဒေသခံတယောက်က ပြောပါတယ်။
“ပြည်သူတွေကတော့ ဆန် တခွက်၊ နှစ်ခွက်လေး ရတဲ့ဟာလေးနဲ့ အသီးအနှံတွေပေါ့။ ဟင်းသီး ဟင်းရွက်တွေနဲ့ ဆန်ပြုတ်စားတာရှိတယ်။ တချို့ နေရာတွေမှာဆိုရင် အဲလို စားဖို့ မရှိတာနဲ့ အသက်ကြီးတဲ့ အဖိုးကြီးတွေ၊ အဖွားကြီးတွေ ကျန်းမာရေးထိခိုက်ပြီးတော့ အသက်ဆုံးသွားတဲ့ လူတွေလည်း ရှိတယ်။ ကျေးရွာတွေမှာ ပေါ့နော။ တချို့ နေရာမှာဆိုရင် စားဖို့သောက်ဖို့ မရှိတာနဲ့ အရမ်းကို ခက်ခဲလို့ ရှိတဲ့နွားလေးတွေ၊ လယ်ယာတွေ ရောင်းပြီးမှ မှော်ထဲ တခါတည်း မိသားစုလုံး ပြောင်းသွားတဲ့ သူတွေ အများကြီးပါပဲ။”
ကျေးရွာတချို့မှာ သက်ကြီးရွယ်အိုတွေ သေဆုံးရတာ၊ မိသားစုလိုက်တခြားဒေသကို ပြောင်းရွှေ့ သွားတာနဲ့ ပတ်သက်ပြီး အတည်ပြုချက်ရယူဖို့ ပူတာအို အုပ်ချုပ်ရေးရုံးကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ် မရခဲ့ပါဘူး။
ပူတာအိုမြို့မှာ ဆန်ပြတ်လပ်ပြီး ဈေးတက်နေသလို အခြား အခြေခံ စားသုံးကုန်ပစည်းတွေဖြစ်တဲ့ ဆီ၊ ဆား၊ ကြက်သွန် စတာတွေလည်း ဈေးတက်နေပါတယ်။
မိုးကောင်းမြို့တွင် စစ်တပ်က အဓမ္မစေခိုင်းမှုများ ရှိ
မိုးကောင်းမြို့တွင် စစ်တပ်က အဓမ္မစေခိုင်းမှုများ ရှိ
by မင်းလွင်
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မြန်မာစစ်တပ်က အဓမ္မခိုင်းစေမှုတွေ လုပ်ဆောင်နေတယ်လို့ ကာယကံရှင် ရွာသားတွေက ပြောပါတယ်။
တပ်စခန်းဆောက်ဖို့ လုံခြုံရေးအတွက် သစ်ပင်ခုတ်ရှင်းတာတွေမှာ ဒေသခံ အရပ်သားတွေကို ခိုင်းစေနေတာလို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ဟိုပင်အခြေစိုက် ခမရ ၃၈၈ မန္တလေး မြစ်ကြီးနား ရထားလမ်း လုံခြုံရေးတာဝန်ယူစဉ် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်က နန်းခွင်ကျေးရွာသားတွေကို ရထားလမ်းဘေးက ခြုံနွယ်တွေကို ဒီနေ့ အဓမ္မ ရှင်းလင်းခိုင်းခဲ့တယ်လို့ နန်းခွင်ရွာသား တဦးက ပြောပါတယ်။
ဇူလိုင် ၂၉ ရက်နေ့က စစ်တပ်ခိုင်းတာ မလုပ်တဲ့အတွက် နန်းခွင်ကျေးရွာကို ခမရ ၃၈၈ တပ်ရင်းက တပ်ကြပ်ကြီး ကြည်စိုးနဲ့ တပ်ကြပ် တင်စိုးတို့ကနေ သေနပ်ပစ်ဖောက် ခြိမ်းခြောက်ခဲ့ပြီး ဒီနေ့မှာတော့ သူတို့ ခိုင်းသလို သွားရောက်လုပ်ခဲ့ရတာပါလို့ ဒေသခံရွာသားတွေက ဆက်ပြောပါတယ်။
နန်းခွင်ရွာဟာ အိမ်ခြေ ၄၀၀ လောက်ရှိပြီးတော့ မိုးကောင်းမိုးညှင်းမြို့နယ်ကြားမှာ ရှိနေတာပါ။
၃၈၈ တပ်ရင်းဟာ ဒေသခံတွေအပေါ် အတင်းအဓမ္မ အလုပ်စေခိုင်းတာ အပြင် ဒေသခံတွေအပေါ်မှာ နှိပ်စက်မှုတွေရှိတဲ့ သတင်းတွေကို ရွာသားတွေက ပြောပြကြပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုချက် မရရှိပါဘူး။
ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက ၃၈၈ တပ်ရင်းက အရာရှိတွေနဲ့ မီးရထားဝန်ထမ်းတွေ စကားများကြပြီး အရာရှိကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် မီးရထားဝန်ထမ်း နန်းခွင်ရွာသား ကိုဇော်နိုင်ဟာ ပွဲချင်းပြီး သေဆုံးခဲ့တဲ့ ဖြစ်ရပ်မှာလည်း တရားခံကို အရေးမယူသေးဘူးလို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။
“၃၈၈ တပ်က လူသတ်မှုတွေလည်း ဖြစ်နေတာပဲ။ ဟိုတလောက ပစ်သတ်ခံရတယ်ဆိုတာကလည်း နန်းခွင်ရွာသားပဲ။ ဒီနယ်တ၀ိုက်မှာ ၃၈၈ က ကြီးစိုးနေတာဗျ။”
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ကိုယ်တိုင်က အတင်းအဓမ္မ အလုပ်စေခိုင်းတာတွေ မလုပ်ဆောင်ကြဖို့ ညွှန်ကြားနေတဲ့ အချိန်မှာ အခုလို အဓမ္မခိုင်းစေ တာတွေ ဖြစ်ပွားနေတာပါ။
မြစ်ကြီးနားမြို့ အနောက်မြောက်ဘက် မြေငလျင်ငယ်တခု လှုပ်ခတ်သွား
မြစ်ကြီးနားမြို့ အနောက်မြောက်ဘက် မြေငလျင်ငယ်တခု လှုပ်ခတ်သွား
by နေလင်းအောင်
ရန်ကုန် (မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ အနောက်မြောက်ဘက် မိုင် ၉၀ ခန့်အကွာတွင် ပြင်းအား ရစ်ချတ်တာစကေး ၄.၇ ရှိ မြေငလျင်တခု ကြာသပတေးနေ့ နံနက် ၄ နာရီ ၂၈ မိနစ်က ၁၆ စက္ကန့်ကြာ လှုပ်ခတ်ခဲ့သည်ဟု နေပြည်တော် မြေငလျင် တိုင်းတာရေးစခန်းမှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံတွင် ဇူလိုင်လအတွင်း မြေငလျင် ခြောက်ကြိမ်ခန့် လှုပ်ခတ်ခဲ့ပြီး ယခု ငလျင်သည် သြဂုတ်လအတွင်း ပထမဆုံး လှုပ်ခတ်မှုလည်း ဖြစ်သည်။
အမေရိကန် ဘူမိဗေဒ တိုင်းတာရေးစခန်း အဆိုအရ မြောက်လတ္တီကျူ ၂၆ ဒီဂရီ ၀၇၂ နှင့် အရှေ့ လောင်တီကျူ ၉၆ ဒီဂရီ ၃၂၂ တို့တွင် ဗဟိုပြု၍ ရိုက်ခတ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ မြစ်ကြီးနားမြို့ အနောက်မြောက်ဘက် ၈၂ မိုင် အကွာ၊ အိန္ဒိယနိုင်ငံ၊ ခွန်ဆမြို့ အရှေ့တောင်ဘက် ၈၀ မိုင် အကွာတွင် ရိုက်ခတ်သွားခြင်း ဖြစ်သည်ဟုလည်း ပါရှိသည်။
ကချင်တွင် နှစ်ဘက်တပ်များ လူ့အခွင့်အရေးချိုးဖောက်နေဟု ကော်မရှင်ပြော
ကချင်တွင် နှစ်ဘက်တပ်များ လူ့အခွင့်အရေးချိုးဖောက်နေဟု ကော်မရှင်ပြော
by ရွှေအောင်
ကချင်ပြည်နယ်အတွင်း နှစ်ဘက်လက်နက်ကိုင်တပ်တွေအနေနဲ့ ဒေသခံ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်နေကြတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
news image
ဇူလိုင် ၂၃ ရက်ကနေ ၂၇ ရက်အထိ ကချင်ပြည်နယ်ထဲ သွားရောက်လေ့လာ စုံစမ်းခဲ့ပြီးတဲ့နောက် တွေ့ရှိချက်တွေကို ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ကျနော် အထူးပြောချင်တာက လက်နက်ကိုင်တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဗျ။ တိုင်ကြားချက်တွေ အပေါ်ကနေပေါ့။ ဒါတွေကို ကျနော်တို့က ရပ်တန့်စေချင်တယ်။ နှစ်ဖက်စလုံးပါ။”
ကော်မရှင်ထံတိုင်ကြားထားတဲ့ အမှုအရေအတွက်ကို ထုတ်ဖော်ပြောဆို ဖို့တော့ သူက ငြင်းဆိုပါတယ်။
အစိုးရကဖမ်းဆီးပြီး နှိပ်စက်ခံနေရတဲ့ ဦးဘရန်ရှောင်ကို သွားတွေ့ခဲ့ပုံကိုလည်း သူက ခုလို ပြောပါတယ်။
“ကျနော်တို့ မူလသွားတုန်းက ဦးဘရန်ရှောင်ကို တွေ့ဖို့ မပါဘူး။ ဟိုမှာ ကြားသိတဲ့အတွက် သွားတွေ့တဲ့အခါ ဥပဒေအရ ဆောင်ရွက်တာ ကောင်းပါတယ်။ သို့သော် ညှဉ်းပန်းနှိပ်စက်တာတော့ မလုပ်ပါနဲ့လို့။ ကျနော်တို့က သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တိုက်တွန်းခဲ့ပါတယ်။”
မြန်မာ့လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဟာ မြစ်ကြီးနားနဲ့ ၀ိုင်းမော်အနီးအနားက ဒုက္ခသည်စခန်း ၁၆ ခုကို လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြတာပါ။
စခန်းတွေရဲ့ အနေအထားဟာ အချိန်ကြာလာတာနဲ့အမျှ လိုအပ်ချက်တွေ ရှိလာတာကို တွေ့ရပြီး အဲဒီလိုအပ်ချက်တွေကိုလည်း သက်ဆိုင်ရာထံ အသိပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
သူတို့ ကြည့်ရှုခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာလုံလောက်ပေမယ့် ဆေးဝါးလိုအပ်နေတယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။
“လိုအပ်ချက် အဓိကတော့ မိုးတွင်းဖြစ်တော့ အအေးမိ၊ နှာစေးမယ်၊ တုပ်ကွေး ဖြစ်မယ်။ ၀မ်းလျှောမယ်။ ငှက်ဖျားရှိမယ်။ အဲဒီဆေးတွေ အဓိက ပံ့ပိုးပေးဖို့ပါ။ နောက်တခုက ယူအန်အိပ်ခ်ျစီအာက လိုအပ်တဲ့နေရာတွေမှာ အဆောက်အဦတွေ ဆောက်ပေးနေပါတယ်။ အဲဒါလေးတွေ ရလာရင်တော့ စခန်းတွေအနေနဲ့ အတော်အသင့် နေသာထိုင်သာ ဖြစ်သွားမှာပါ။”
အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ကြဖို့ ကော်မရှင် အတွင်းရေးမှူးက တိုက်တွန်းလိုက်ပြီး ကချင်အရေးနဲ့ ပတ်သက်တဲ့ ကော်မရှင်ရဲ့အစီရင်ခံစာလည်း မကြာခင်ထုတ်ပြန်မယ်လို့ ပြောပါတယ်။
နှစ်ဘက်တပ်တွေဟာ ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်တွေ ရှိတယ် ဆိုတဲ့အပေါ် ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက ခုလို သုံးသပ်ပြောကြားပါတယ်။
“ပြီးခဲ့တဲ့ ဩဂုတ်လမှာ ပူတာအိုနားမှာ ကေအိုင်အေ တပ်ရင်း ၇ ကနေ ဒေသခံရွာတချို့ကို မီးရှို့တယ်ဆိုတာမျိုးလည်း သတင်းထွက်လာတယ်။ အဲဒါလည်း သူတို့ သေချာစုံစမ်းပြီးမှ သက်ဆိုင်တဲ့ တပ်ရင်း ၇ က တပ်ရင်းမှူးကို သူတို့ အရေးယူတယ်။ ရာထူးချလိုက်တယ်ဆိုတာမျိုးတွေ ကျနော်တို့ ကြားရတဲ့ အပိုင်းရှိတယ်။ ကေအိုင်အေ ဘက်ကတော့ accident ပုံစံပေါ့ မတော်တဆပေါ့။ ဟိုက ညွှန်ကြားမှု မပါဘဲနဲ့ တပ်ဖွဲ့ဝင်တွေက ချိုးဖောက်မှုတွေ ရှိရင်လည်း တကယ်စစ်ဆေးပြီးမှ အရေးယူတဲ့ အပိုင်းတွေ ရှိတာကို တွေ့ရတယ်။ အစိုးရကတော့ စနစ်တကျနဲ့ ချိုးဖောက်နေတဲ့ဆိုတဲ့အပိုင်း..။ အဲဒါကြောင့်လည်း ဒုက္ခသည်တွေ အတော်များများက ကေအိုင်အို ထိန်းချုပ်တဲ့နေရာကို ထွက်ပြေးတာ များတယ်။ အစိုးရတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒေသခံတွေက စစ်ဆေးမေးမြန်းတာကို လက်ခံတယ်။ ဒါပေမယ့် အစိုးရတပ်က ညှဉ်းပန်းနှိပ်စက်တယ်၊ ရွာတွေ မီးရှို့တယ် အဲဒါမျိုးတွေကို ကြောက်ပြီး ကေအိုင်အို ထိန်းချုပ်တဲ့ဒေသကို ထွက်ပြေးတာ များတယ်။”
ကေအိုင်အို ဒုက္ခသည်ရေးရာကော်မတီရဲ့ နောက်ဆုံးထုတ်ပြန်တဲ့စာရင်းအရ ကချင်ပြည်နယ်အတွင်း ဒုက္ခသည် ၈ သောင်းကျော်ရှိပြီး၊ ကေအိုင်အေ နယ်မြေထဲမှာ ဒုက္ခသည်စခန်း ၅၀ ကျော်နဲ့ လူဦးရေ ၆ သောင်းကျော် ရှိနေပါတယ်။
အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေဟာ မနှစ်ဇွန်လကတည်းက တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ကျင်းပပေမယ့် အောင်မြင်မှုမရသေးဘဲ ဖြစ်နေပါတယ်။
ပူတာအိုနှင့် မချမ်းဘောတွင် ဆန်ပြတ်လပ်နေဟု ဒေသခံများက ပြော
ပူတာအိုနှင့် မချမ်းဘောတွင် ဆန်ပြတ်လပ်နေဟု ဒေသခံများက ပြော
by ဖနိဒါ
ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအိုနှင့် မချမ်းဘော မြို့နယ်များအတွင်း ယမန်နှစ် ဆန်စပါး အထွက်နည်းခဲ့သဖြင့် နယ်ကျေးရွာများတွင် ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ဟု ပူတာအိုမြို့ခံများက ပြောသည်။
ပူတာအိုခရိုင်တွင် နှစ်စဉ် ဆန်ပြတ်လပ်မှု ဖြစ်လေ့ရှိသော်လည်း ယခုနှစ်မူ ပိုမိုခက်ခဲသည်ဟု သိရသည်။ ဆန်ဈေးအပြင် အခြား ဆား၊ ဆီ ဈေးနှုန်းများလည်း မြင့်တက်နေသည်ဟု ဒေသခံများက ပြောသည်။
“ဒီနှစ်က လမ်းပန်းဆက်သွယ်ရေး မကောင်းလို့လေ။ ဆန်အထွက်က နည်း၊ လူက ပိုပိုပြီး များလာပြီးတော့ ဒီက ထွက်တာ မလုံလောက်ဘူးပေါ့။ ဆန်အထွက် နည်းတာက ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်တယ်။ ဒီနှစ် အဆိုးဆုံးပဲ။ အရင်တုန်းကလည်း ဆန်နှစ်ဗူးကို ၁,ဝဝဝ လောက် တနှစ်ရှိဖူးတယ်။ ဒါပေမယ့် လူ ဒီလောက်မရှိတော့ ကာလအတိုမှာပဲ ဖြစ်သွားတယ်” ဟု ပူတာအိုမြို့ခံ ကိုအဂျုံ က မဇ္ဈိမကို ပြောသည်။
မြို့ပေါ်တွင် နေထိုင်သူများက ဝယ်ယူစားသုံးနိုင်သော်လည်း မြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများတွင် ဆန်ပြတ်လပ် လျက်ရှိသည်။ လက်ရှိဈေးနှုန်းမှာ ဆန်နို့ဆီးဗူး သုံးဗူးလျှင် ကျပ် ၁,ဝဝဝ၊ တပြည်လျှင် ၄,ဝဝဝ ကျပ်ဖြင့် ဝယ်ယူစားသုံး နေရသည်ဟု ကိုအဂျုံးက ပြောသည်။
“မချမ်းဘောမြို့နယ်၊ နမ်ရှယ်ကော့ရွာတွေဆို မနက်ကျတော့ ထမင်းနည်းနည်းပါးပါးစား။ ညနေပိုင်းကျတော့ ဆန်ပြုတ် ရည်ပဲ သောက်နေရတယ်။ ပူတာအိုက ရွာတချို့မှာလည်း ဆန်တော်တော် ရှားနေတယ်။ ခု ရောင်းတဲ့ လူတွေက ဆန်ပေါ်တဲ့ အချိန်မှာ ဝယ်ထားတဲ့ လူတွေ နည်းနည်းပါးပါး ရောင်းတယ်။ အဲဒါလေးကို ဝေစား မျှစား လုပ်ကြတာ” ဟု သူက ဆက်ပြောသည်။
ဇွန်လအတွင်းက အဆိုပါ နမ်ရှယ်ကော့ကျေးရွာတွင် အစာရေစာ ရှားပါး၍ အာဟာရ ချို့တဲ့ကာ ကလေးငယ်နှင့် အသက်ကြီးသူ ခုနှစ်ဦးခန့် သေဆုံးသွားခဲ့ရသည်ဟု ဆိုသည်။
ပူတာအိုမြို့မှာ ၂၁၉ မိုင် ကွာဝေးသည့် မြစ်ကြီးနားမြို့သို့ လေကြောင်းခရီးဖြင့်သာ အဓိကထား၍ သယ်ယူ ပို့ဆောင်ရ သည်။ မိုးတွင်းတွင် မော်တော်ကားဖြင့် သွားလာနိုင်ရန် ခက်ခဲသလို၊ KIO နှင့် အစိုးရအကြား တိုက်ပွဲများ ဖြစ်ပွားနေ သဖြင့် လမ်းပန်း ဆက်သွယ်ရေး ပိုမိုခက်ခဲနေခြင်း ဖြစ်သည်။
ဆန်ပြတ်လပ်မှုနှင့်ပတ်သက်၍ ပူုတာအိုသို့ကချင်ပြည်နယ်တိုင်းမှူး ရောက်
ဆန်ပြတ်လပ်မှုနှင့်ပတ်သက်၍ ပူုတာအိုသို့ကချင်ပြည်နယ်တိုင်းမှူး ရောက်
ပြီးခဲ့သည့် ဇူလိုင်လ ၂၃၊ ၂၀၁၂ (တနင်္လာနေ့) တွင် ကချင်ပြည်နယ်တိုင်းမှူး ဗိုလ်ချူပ်ဇေယျာအောင် သည် ပူတာအိုသို့ ရောက်ခဲ့သည်။
news image
မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် (မပခ) တိုင်းမှူး ဗိုလ်ချူပ်ဇေယျာအောင် သည် ပူတာအိုရောက်လာတော့ ဦးစွာ ခလရ (၄၆) တပ်ရင်းထဲမှာ ရှိသော တပ်ရင်းမိသားစုများ အား တိုင်းမှူးသည် မေးခဲ့သည်။ တပ်ထဲမှာ ရှိသော မိသားစုများကို အထက်လူကြီးများမှ ဆန်များပေးသလား? အခြေအနေ ဘယ်လိုရှိသလဲလို့ မေးခဲ့ပါသည်။ ထိုသို့မေးရာ တပ်ရင်းထဲရှိ မိသားစု များသည် ပေးပါသည် ဘာမှ လိုလေသေး မရှိအောင် ကူညီပေးတယ်ဆိုပြီးတော့ပြောခဲ့ပါသည်။ တပ်ရင်းထဲမှ အချို့မိသားစုများ နှင့်အချို့သောတပ်သားများက ပြောပြခြင်းဖြစ်သည်။
ကျနော်တို့ကို တိုင်းမှူးလာမည်ဖြစ်ကြောင်း လာအကြောင်းကြားရင်းနဲ့ အိမ်တိုင်းအား “တိုင်းမှူးက မေးရင် စီစဉ်ပေးတယ်။ ဆန်တွေ အခြားလိုအပ်သော အထောက်အပံ့ အကုန်ရတယ်လို့ အားလုံးကပြောရမယ်။ ဒီလိုမပြောလျင် အပြစ်ပေးမယ်ဆိုပြီး ကြိုတင်အသိပေးလို့ ကျနော်တို့က အမှန်ဆိုရင် ဘာတစ်ခုမှ မရခဲ့ပါဘူး။ ဒါပေမဲ့ အပြစ်ပေးမှာ ကြောက်လို့ တိုင်းမှူးကိုတော့ အားလုံးအဆင်ပြေတယ် ရတယ်လို့ လိမ်ပြောခဲ့ခြင်းဖြစ်ပါတယ်” ဆိုပြီး တပ်ရင်းမှ ဈေးဝယ်ရင်း ရွာမှာ ရောက်လာ သော စစ်သားများနှင့် တပ်ရင်းအထဲမှ လူတွေက ပြောပြပါသည်။
အမှန်တကယ် အထက်လူကြီးပိုင်းမှ မပေးခဲ့ပဲနဲ့ လိမ်ညှာခဲ့ကြောင်း စစ်သားများကိုယ်တိုင် အပြင်မှာရှိကြသော ပြည်သူများနှင့် အသိမိတ်ဆွေများကို ပြောပြကြောင်း မေးမြန်းခဲ့သော အားဆမ်ခင်က ပြောပြပါသည်။
ဒေသခံတိုင်းရင်းသားများကို ဘယ်လို ကူညီသလဲ? ဆိုပြီး မြို့နယ်မှာ တာဝန်ရှိသူများကို မေးမြန်းခဲ့ပါသည်။ သို့ရာတွင် တိုင်းမှူးရှိသော နေ့မနက်ပိုင်းမှာ မြို့နယ်မှ တာဝန်ရှိလူကြီးများသည် ကုန်းပေါ်ဈေးတွင် ဆန် ၄ အိတ် ထားပြီး၊ ဒေသခံပြည်သူများကို တစ်ဦးလျှင် နို့ဆီဗူး (၂) လုံးစီ၊ တစ်ဗူးလျှင် ကျပ် ၁၀၀ နှုန်းဖြင့် ရောင်းပေးခြင်းဖြင့် တိုင်းမှူးအား ပြည်သူများကို ကူညီတယ်လို့ အဖြေ ပေးရန်အတွက် ဟန်ပြခဲ့ပါသည်။
တိုင်းမှူးအားလည်း ပြည်သူများ ဆန်ပြတ်သောကြောင့် အခုလိုကူညီပေးကြောင်း လိမ်လည်ပြီးတင်ပြကြတယ်လို့ ထိုနေရာတွင်ပါဝင်သောဝန်ထမ်းတစ်ဦးမှ တိကျစွာပြောပြပါသည်။ ထိုကဲ့သို့ကူညီတယ်လို့ ဒေသခံတိုင်းရင်းသားများသည် ကြားသိသောအခါ ထိုနေ့ နေ့လည်အချိန်မှာသော်လည်းကောင်း၊ နောက်နေ့ မနက်မှာသော်လည်းကောင်း သုံးရက်၊ လေးရက် ဆက်တိုက် ပလိုင်းများ၊ အိတ်များယူလာကြကာ တိုင်းမှူးရှိတဲ့နေ့ မနက်ပိုင်း ဆန်ရောင်းပေးသော ကုန်းပေါ်ဈေး ဆန်ရောင်းခဲ့သောနေရာသို့ သုံးဘီးကားဖြင့်၊ မော်တော်ဆိုင်ကယ်ဖြင့်၊ ခြေကျင်ဖြင့် ကလေး၊လူကြီး၊ လူငယ်များ တန်းစီလာကြသော်လည်း ဆန်လုံးဝ မရောင်းတော့ကြောင်း။ စိတ်ပျက်စွာဖြင့် အိမ်သို့ပြန်ကြရသောကြောင့် မကျေမနပ်ဖြစ်ကြပါသည်။
ဒေသခံတိုင်းရင်းသားများနှင့် ၀န်ထမ်းမိသားစုများအားလုံးတို့သည် ယခင်နှစ် စပါးစိုက်ပျိုး ရာမှာ မအောင်မြင်ခဲ့ခြင်းကြောင့် စပါးအထွက်အလွန်ပင်လျော့နည်းခဲ့သည်။ ထိုကဲ့သို့ ပြည်သူများတွင် စပါးအထွက်အလွန်နည်းခြင်း၊ ပျက်စီးဆုံးရှုံးမှု လယ်ယာတွေ များခဲ့သော်လည်း တာဝန်ရှိ ဌာနများမှ ပျက်စီးကြောင်း၊ အထွက်လျော့မည်ဖြစ်ကြောင်း အထက်ကို အဆင့်ဆင့်မတင်ပြခဲ့ပါကြောင်းသိရသည်။ သို့ဖြစ်၍ ယခုတွင် ကားသွားလာရန်အဆင်မပြေတော့ဘဲ ဒေသခံ ပြည်သူများသည် အင်မတန်မှ ခက်ခဲသောကြောင့် အားကိုးတကြီး ဆန်သွားထုတ်နေကြခြင်းဖြစ်သည်။
၂၄၊ ဇူလိုင်လ၊ ၂၀၁၂ နေ့တွင် တပ်မတော် (လေ) ကြောင်း Shaanxi Y-8 လာကာ ၄ ကြိမ် ဆန်တင်ပေးခဲ့ပါသည်။ ၂၆၊ ဇူလိုင်လ၊ ၂၀၁၂ နေ့မှစတင် ပြည်ခိုင်ဖြိုးအသင်းမှ တာဝန်ယူကာ ဒေသခံတိုင်းရင်းသားများ တစ်ဦး နို့ဆီဗူး (၄) လုံးစီ (၄ ဗူး အတွက် ကျပ် - ၄၅၀) ဖြင့် ရောင်းပေးသောကြောင့် ဒေသခံတိုင်းရင်းသားများသည် ကလေး အငယ်ဆုံးမှ အကြီးဆုံးအထိ တန်းစီကာ ဆန်များကို ၀ယ်ယူကြပါသည်။
အချို့တို့သည် ဆန်ဖိုးလုံးဝမရှိပါ။ ဆန်လည်းမရှိ။ ပိုက်ဆံချေးရင်လည်း မရခဲ့သောကြောင့် အလွန်ပင်ဝမ်းနည်းကြေကွဲနေရပါသည်။ ကျေးရွာတွေမှ ဆန်ပြတ်လပ်မှုကြောင့် အသက်ဆုံးရှုံးရသော ကလေးများ၊ အဖိုးကြီးများ၊ အဘွားမများရှိကြောင်းသိရသည်။ ဆန်ပြုတ်ကိုသာသောက်ရခြင်းကြောင့် အားပြတ်ခြင်း၊ ဖျားနာခြင်းအလွန်များပြားလာခြင်းများတွေ့မြင်ရပါသည်။




No comments: